Friday, November 15, 2013

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်အရှိန် ကမ်းရိုးတန်းဒေသများ သတိပြုရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၁၄
ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အပူပိုင်း မုန်တိုင်းငယ်ကြောင့် ကမ်းရိုးတန်း ဒေသများတွင် မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်နိုင်သဖြင့် သတိပြုရန် လိုအပ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။



မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် အဆိုပါ မုန်တိုင်းငယ် အရှိန်ကြောင့် မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းများ ဖြစ်ပေါ်သည့် အရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ များတွင် အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်သဖြင့် စိုက်ပျိုးတောင်သူများ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၂၉၀ ခန့် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင် ၅၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည် ဖြစ်ရာ မြန်မာနိုင်ငံသို့ ဦးတည် ရွေ့လျား ဝင်ရောက်မည့် အခြေအနေ မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ အချိန်တွင် ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ် ပင်လယ်ပြင်တို့တွင် အပူပိုင်း မုန်တိုင်းငယ်များ ဖြစ်ပေါ်နေရာ ဘင်္ဂလား ပင်လယ်အော်မှ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့မှ တောင်-အရှေ့တောင်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းဖြင့် ရွေ့လျားနေကြောင်း Joint Typhoon Warning Center (JTWC) က ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
The Voice Weekly