Sunday, November 17, 2013

ပါကစ္စတန်တွင် ပိုလီယိုရောဂါပိုးသစ်တွေ့၊ နိုင်ငံခြား ခရီးစဉ်များ ပိတ်ပင်ခံရဖွယ်ရှိ

နိုဝင်ဘာ ၁၇။
တရုတ်၊ အီဂျစ်၊ ပါလက်စတိုင်းနှင့် ဆီးရီးယားနိုင်ငံတို့ကို ကူးစက်နေသော ပါကစ္စတန်မှ ပိုလီယိုရော ဂါပိုးသစ်ကို အမြစ် ပြတ်တိုက်ထုတ်နိုင်ခြင်းမရှိခဲ့လျှင် ပါကစ္စတန်သားတို့၏ နိုင်ငံခြား ခရီးစဉ်များ တားမြစ်ခံရဖွယ်ရှိနေသည်။ ယခင် ရောဂါပိုးဟောင်းနှင့် မတူသည့် ပါကစ္စတန်ပိုလီယိုသည် လက်ရှိ အချိန်တွင် တူရကီနှင့် ဥရောပနိုင်ငံ အချို့ကို ခြိမ်းခြောက် လျက်ရှိနေသည်။ ထိုဒေသများတွင် ကလေးများ ကို ပိုလီယိုကာကွယ်ဆေးများ စီမံချက်ဖြင့် ထိုးပေးလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ယူနီဆက်က ဆီးရီးယားတွင် ကလေး ၁၃ဦး ပါကစ္စတန်ပိုလီယို ရောဂါကူးစက်ခံ ရပြီးနောက် ရောဂါသစ်အဖြစ် အတည်ပြုခဲ့သည်။ လက်ရှိအချိန်တွင် ပိုလီယိုပရိုဂရမ်များကို နိုင်ငံအသီးသီး မှ အာဏာပိုင်များက အရေးတကြီး အစီအစဉ်စွဲ လုပ်ကိုင်လျှက် ရှိသည်။ တူရကီကဲ့သို့သော ဆီးရီးယား စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ နေရာများသည် ရောဂါ ကူးစက်နှုန်း အမြင့်ဆုံးအရပ်များ ဖြစ်သည်။

တူဘင်ဂန်တက္ကသိုလ်မှ ဒေါက်တာ မာတင် အိခ်ျနာနှင့် ဂျာမနီ၏ ရုလင်ဂန်ဒေသဆိုင်ရာပြည် သူ့ကျန်းမားရေးရုံးမှ စတီဖန်ဘရုခ်မဲန်တို့ ပူးပေါင်းရေးသားသည့် အစီရင်ခံစာတွင် ဥရောပနိုင်ငံ အများအပြားတွင် အစက်ချ ပိုလီယိုကာ ကွယ်ဆေးအစား မွေးကင်းစအချိန်တွင် ပိုလိုယိုကာကွယ်ဆေး ထိုးနှံခြင်းကို ပြောင်းလဲကျင့်သုံးနေကြောင်း ဖော်ပြထားသည်။ သူတို့၏ အစီရင်ခံစာကို ကမ္ဘာ့ကျော် Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။

ဆီးရီယားမှ စစ်ပြေးဒုက္ခသည်များက အိမ်နီးချင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ အလုံးအရင်းထွက်ပြေး ခိုလှုံကြရန် လုပ်ဆောင်နေခြင်းကြောင့် ဆယ်စုနှစ်များစွာ ပိုလီယို ကင်းစင်ဧရိယာဖြစ်ခဲ့သော နိုင်ငံ များတွင် ရောဂါပိုးများ သယ်ဆောင် ပျံ့ပွားမှုကို အထိန်းချုပ်နိုင်ဖြစ်ရကြောင်းဆိုသည်။ ဆီးရီးယာမှ လူမှုရေးဝန်ကြီးက ပိုလီယိုရောဂါသစ်သည် ပါကစ္စတန်မှ ဖာတာဧရိယာများမှ တဆင့် နိုင်ငံအတွင်းသို့ ကူးစက်လာခြင်းဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သူတို့၏ လေ့ လာစမ်းစစ်မှုများအရ ဆီးရီးယားမှ ရောဂါပိုးသည် အီဂျစ်တွင် တွေ့ရသည့် အရင်းအမြစ်များနှင့် တူညီနေသည့်အတွက် အီဂျစ်မှာဆီးရီးယားသို့ ကူးစက်ခြင်းဖြစ်ကြောင်း၊ ဖာတာသူပုန်များမှ တစ်ဆင့် ကူးစက်လာခြင်း မဟုတ်ကြောင်း တရားဝင် ဖြေရှင်းပေးထားသည်။

လက်ရှိအချိန်တွင် ပါကစ္စတန်တွင် ပျံ့နှံ့နေသော ပိုလီယိုသည် ထိန်းချုပ်ဟန့်တားရန် ခက်ခဲသည့် အနေအထားတွင် ရှိနေသည်။ မှတ်တမ်းများအရ ကာကွယ်ဆေး စုပေါင်းထိုးနှံသည့် အစီအစဉ်ပြုလုပ်စဉ်က အိမ်ထောင်စု ၆၅၀၀၀ ခန့်သည် သူတို့၏ ကလေးများကို ပိုလီယိုကာကွယ်ရေး ထိုးပေးရန် ငြင်းဆန် ထားကြသည်။ ယခင်နှစ်က ပိုလီယိုရောဂါပိုး တွေ့ရှိမူသည် ၅၈ယောက် ရှိခဲ့ပြီး ယခုနှစ်တွင် ၆၂ယောက်ဖြစ်လာသည်။ အကယ်၍ နိုင်ငံတွင်း ပိုလီယိုကူးစက်မှု ဟန့်တားနိုင်ခြင်း မရှိလျှင် နိုင်ငံတ ကာသို့ သွားရောက်မည့် ပါကစ္စတန်သားတို့၏ ခရီးစဉ်များ ဟန့်တားခံရဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သုံးသပ်ထားသည်။
မြန်မာ့ခေတ်
Ref: Al jazeera