Tuesday, November 19, 2013

ဝန်ကြီးလား၊ ၀န်စီးလား၊ ၀န်ထုပ်ဝန်ပိုးလား

ခန္ဓာငါးပါးသည် အလွန်လေးလံလှသော ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်၏။ သူငါစသား ပုဂ္ဂိုလ် သတ္တ၀ါများသည် ထိုခန္ဓတာဝန်ကို ထမ်းဆောင်နေကြသော ၀န်ထမ်းများသာ ဖြစ်ကြလေ၏။ လောက၌ ခန္ဓတာဝန်ကို ထမ်းဆောင်ရသော ဒုက္ခသည် အကြီးမားဆုံးသော ဒုက္ခဖြစ်၏။ ထိုခန္ဓာ ၀န်ထုပ်ကြီးကို ပစ်ချနိုင်မှသာ ချမ်းသာအစစ်ကို ရရှိနိုင်၏။ (ဘာရသုတ္တန်)

တရားသဘောအရ မိမိတို့မှာ ကိလေသာ ၀န်ထုပ်၊ အဘိသင်္ခါရ ၀န်ထုပ်၊ ခန္ဓာဝန်ထုပ်လို့ ၀န်ထုပ်ကြီး သုံးခုရှိတယ်။ လောဘဒေါသစတဲ့ ကိလေသာ ဆယ်ပါးဟာ ကိလေသာ ၀န်ထုပ်ပဲ။ မိမိတို့ နေ့စဉ်ပြုနေတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက အဘိသင်္ခါရ ၀န်ထုပ်ပဲ။ ခန္ဓာကိုယ်ကြီးကတော့ ခန္ဓာဝန်ထုပ်ပဲ။ မိမိတို့စိတ်ထဲ နေ့စဉ်ဘာတွေ ဖြစ်နေလဲ။ လောဘတွေ ဖြစ်နေတယ်။ ဒေါသဖြစ်တဲ့ အခါလည်း ရှိတယ်။ မောဟကတော့ အမြဲလိုလို ဖြစ်နေတယ်။ အခြားမာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပဆိုတဲ့ ကိလေသာတွေလည်း အခါအားလျော်စွာ ဖြစ်နေကြတယ်။ ဒီကိလေသာတွေဟာ မိမိတို့အတွက် ၀န်ထုပ်ဝန်ပိုးတွေပါပဲ။

မိမိတို့ နေ့စဉ်တစ်ခုခု လုပ်နေကြတယ်။ ဘာတွေလုပ်နေကြလဲ။ ကုသိုလ်တွေလား၊ အကုသိုလ်တွေ လား။ လောဘဒေါသ ဦးစီးလုပ်ရင်တော့ အကုသိုလ်တွေပေါ့။ မေတ္တာ စေတနာ ဦးစီးလုပ်ရင်တော့ ကုသိုလ်တွေပေါ့။ လူတစ်ကိုယ်မှာ သိုလ်နှစ်ခုလို့ဆိုတော့ ကုသိုလ်ဖြစ်ရင်ဖြစ်၊ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်တယ်။ ကုသိုလ်ရရင်ရ၊ ကုသိုလ်မရရင် အကုသိုလ်ရတယ်။ ဒါပဲရှိတယ်။ ဒီကုသိုလ်၊ အကုသိုလ် ကံတွေကိုတော့ အဘိသင်္ခါရ ၀န်ထုပ်လို့ ခေါ်တယ်။ ကုသိုလ်၊ အကုသိုလ်ကလည်း ၀န်ထုပ်ဝန်ပိုး ပါပဲတဲ့။

နံနက် အိပ်ရာထ၊ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်၊ နံနက်စာကျွေး၊ ရေမိုးချိုး၊ အ၀တ်အစား လဲလှယ်ဝတ်၊ ရေဆာတော့ ရေတိုက်၊ အစာဆာတော့ အစာကျွေး။ ၂၄ နာရီ သွားရပ်ထိုင်လျောင်း ဣရိယာပုတ်လေးပါးနဲ့ ပြုပြင်ပေး၊ မကျန်းမာတော့ ဆေးကုပေး။ နေ့စဉ် ဒီခန္ဓ တာဝန်ကြီး ဟာ တော်တော်ကြီးပါတယ်။ စားချင်တာ ကျွေးပေးရ၊ ၀တ်ချင်တာ ၀တ်ပေးရ၊ ကြည့်ချင်တာ ကြည့်ပေးရ၊ နားထောင်ချင်တာကို နားထောင်ပေးရ၊ ခန္ဓာကတောင်းဆိုတဲ့ အာရုံငါးပါးကို သူ့အလိုလိုက် ဖြည့် ဆည်းပေးနေရတယ်။ ပြုစုရ၊ မွေးမြူရ၊ စောင့်ရှောက်ရ တော်တော်ခက်တဲ့ ခန္ဓာကိုယ်ကြီးပါ။ ဘုရားကတော့ အာသီဝိသော ပမာသုတ္တန်မှာ မြွေဆိုးကြီး လေးကောင်ကို ပြုစုစောင့်ရှောက် နေရသလို ခန္ဓာကိုယ် ဓာတ်ကြီးလေးပါးဟာ ပြုစုရ၊ စောင့်ရှောက်ရ ခက်ခဲကြောင်း အန္တရာယ်လည်း အလွန်ကြီးကြောင်း အကျယ်တ၀င့် မိန့်ကြားခဲ့တယ်။

သံသရာ ၀ဋ်ဒုက္ခဆိုတာ ဒီခန္ဓာကိုယ်ကြီးရဲ့ ဒုက္ခတွေပါပဲ။ ဒုက္ခဆိုတာ ဘာမှန်းမသိတဲ့ မျောက်ကြီးအား ကိုက်တတ်တဲ့ ခွေးတစ်ကောင်ကို အိတ်ထဲထည့် ထမ်းခိုင်းထား သလိုပါပဲ။ ပုထုဇဉ်ဆိုတာ ဒီခန္ဓာရဲ့ ဒုက္ခကြီးကို ဒုက္ခမှန်း မသိရှာဘဲ ဒီခန္ဓာကြီးကို ခင်တွယ်နေပါတယ်။ ထမ်းထားပါတယ်။ ဒီခန္ဓာကြီး က ပေးတာကတော့ ဒုက္ခတွေချည်း ပါပဲ။ ဒါကြောင့် ဘုရားက "ဒီခန္ဓာကြီး ထမ်းထားရတဲ့ ဒုက္ခဟာ လောကမှာ အကြီးလေးဆုံး ဒုက္ခပဲ။ ဒီခန္ဓာဝန်ကြီးကို ပစ်ချနိုင်မှသာ တကယ့်ချမ်းသာ စစ်စစ်ပဲ" လို့ မိန့်ခဲ့ပါတယ်။

လူဆိုတာ ဘ၀က ရှိနေပြန်တော့ ခန္ဓတာဝန်အပြင် ဘ၀တာဝန်တွေက ရှိလာပြန်တယ်။ မိသားစုတာဝန်၊ ဆွေမျိုးတာဝန်၊ မိတ်ဆွေတာဝန်၊ ရပ်ရွာတာဝန်၊ တိုင်းပြည်တာဝန်၊ ဘ၀ပေးတာဝန်၊ သမိုင်းပေးတာဝန် စသဖြင့် စသဖြင့် တာဝန်တွေ၊ ၀တ္တရားတွေ များစွာပါပဲ။ တာဝန်နဲ့ ၀တ္တရားက ကွဲတဲ့နေရာလည်း ကွဲတယ်။ တူတဲ့နေရာလည်း တူတယ်။ တာဝန်သိသူမှာ တာဝန်ရှိသည်ဆိုတဲ့ စကားက တာဝန်ဆိုတာ တကယ်တော့ ၀တ္တရားကို ပြောတာပါပဲ။ မိဘ၀တ်၊ သားသမီးဝတ် စတဲ့ဝတ္တရားတွေဟာ တာဝန်တွေ ဖြစ်တာမို့ ဒီနေရာမှာ တာဝန်နဲ့ ၀တ္တရား အတူတူပါပဲ။ ခွဲချင်ရင်တော့ မဖြစ်မနေ လုပ်ရမှာက တာဝန်၊ ကိုယ့်အသိစိတ်ဓာတ် ကိုယ့်စေတနာနဲ့ ကိုယ်လုပ်ရမှာက ၀တ္တရား။ ဒီလိုတော့ ခွဲလို့ရတယ်။

လူဆိုတာ ၀န်တစ်ခုခုတော့ ထမ်းနေရတာပဲ။ ဘာဝန်မှ မထမ်းဘူးဆိုရင်တော့ သူဟာလူပို တစ်ယောက်ပဲ။ လူပိုဆိုရင်တော့ ၀န်စီး၊ သို့မဟုတ် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားတယ်။ ယဉ်ကျေးတဲ့သူတွေ၊ အသိတရား ရှိတဲ့သူတွေဟာ မိမိအတွက် သူတစ်ပါးအပေါ် ၀န်တက်မှာ၊ ၀န်ထုပ်ဝန်ပိုးဖြစ်မှာ အလွန်စိုးရိမ် ကြတယ်။ ဒါဟာ ယဉ်ကျေးလိမ္မာတဲ့ လက္ခဏာပဲ။ ဒီလို ယဉ်ကျေးလိမ္မာတဲ့ လူတွေဟာ လူနဲ့လူ့ဝန်းကျင်ကို ဒုက္ခမပေးကြဘူး။ လူနဲ့ လူ့ဝန်းကျင်ကို ဒုက္ခပေးနေတာက ၀န်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ လူစားတွေပဲ။ လူဆိုတာ စွမ်းနိုင်ရင် မိမိကသာ ကူညီရမယ်။ မိမိအတွက် တစ်ဖက်သားကို၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေရဘူး။ ၀န်ထုပ်ဝန်ပိုး မဖြစ်စေ သင့်ပါဘူး။ ဒါဟာ အခြေခံကျတဲ့ လူ့ယဉ်ကျေးမှုပဲ။ ဒီလို အသိစိတ်ဓာတ်ရှိတဲ့ လူယဉ်ကျေး၊ လူလိမ္မာတွေကြောင့် လူ့ပတ်ဝန်းကျင်ဟာ သာယာတယ်။ အေး ချမ်းတယ်။ ၀န်ထမ်းလို့ ဆိုရာမှာ ၀န်ဆိုတာ တာဝန် သို့မဟုတ် အလေးချိန်ဝန်ပဲ။ ထမ်းဆိုတာက ထမ်းရွက်ခြင်း၊ ထမ်းဆောင်ခြင်း၊ ထမ်းရွက်သူ၊ ထမ်းဆောင်သူပဲ။ ၀န်က အထက်မှာ ရှိတယ်။ ထမ်းသူက အောက်မှာရှိတယ်။ ၀န်က ထမ်းသူရဲ့ခေါင်းပေါ် သို့မဟုတ် ပခုံးပေါ်မှာ ရှိတယ်။ ထမ်းသူက ၀န်ရဲ့အောက်မှာ ရှိရတယ်။ ထမ်းသူက ၀န်ရဲ့အောက်က မဟုတ်ဘဲ ၀န်ရဲ့အထက်မှာ ရောက်နေခဲ့ရင် သူဟာဝန်ထမ်း မဟုတ်တော့ဘူး။ ၀န်စီး သို့မဟုတ် ၀န်ထုပ်ဝန်ပိုးပဲ။

သာသနာ့ဝန်ထမ်း ရှင်ရဟန်း ဆိုတဲ့အတိုင်း ရှင်ရဟန်းဆိုတာ သာသနာ့ ၀န်ထမ်းပဲ။ သာသနာ့ဝန်ဆိုတာ ပရိယတ္တိနဲ့ ပဋိပတ္တိ သို့မဟုတ် ဂန­္ထဓုရနဲ့ ၀ိပဿနာဓုရ နှစ်ပါးရှိတယ်။ စာပေကျမ်းဂန် သင်အံလေ့လာခြင်းနဲ့ တရားဓမ္မ ကျင့်ကြံအားထုတ်ခြင်းဟာ သာသနာတော်ရဲ့ မူလတာဝန်ပဲ။ ရှင်ရဟန်းဟာ ပရိယတ္တိအလုပ် ပဋိပတ္တိအလုပ်ကို မလုပ်ရင် သူဟာ သာသနာ့ဝန်ထမ်း မဟုတ်ဘူး။ သာသနာတော်အတွက် ၀န်ထုပ်ဝန် ပိုးပဲ။ ရှင်ရဟန်းက သာသနာ့ဝန်ကို မထမ်းရင် သာသနာက ရှင်ရဟန်းဝန်ကို ထမ်းထားရတယ်။ သာသနာတော်ကြီး တိုးတက်ခြင်း၊ မတိုးတက်ခြင်း၊ ကြီးပွားခြင်း၊ မကြီးပွားခြင်းဟာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ သာသနာ့ဝန်ကို တကယ်ထမ်းခြင်း၊ မထမ်းခြင်း အပေါ်မှာပဲ အဓိက မူတည်တယ်။

ဝန်နဲ့အားက အနည်းဆုံး မျှနေမှသာ ကောင်းတယ်။ ထမ်းဆောင်နိုင်အားက များတဲ့ဘက် ရှိနေမှ ထမ်းထားတဲ့ဝန်က ပေါ့တယ်။ အဲဒီလို မဟုတ်ဘဲ ထမ်းဆောင်နိုင်အားက နည်းနေခဲ့ရင် ၀န်ကများသွားပြီ။ ၀န်ကလေးသွားတယ်။ ၀န်ရဲ့အလေးအပေါ့ဆိုတာ ထမ်းဆောင်နိုင် အားအပေါ်မှာပဲ မူတည်တယ်။ ထမ်းဆောင်သူကများ၊ ထမ်းဆောင်နိုင်အားက များနေရင် ၀န်ပေါ့တယ်။ ထမ်းဆောင်သူက နည်း၊ ထမ်းဆောင်နိုင်အားက နည်းနေရင် ၀န်လေးတယ်။ ၀န်က ပေါ့နေရင် ရှေ့ကိုရောက်လွယ်တယ်။ ၀န်က လေးနေရင် ရှေ့ကို တော်တော်နဲ့ မရောက်ဘူး။ ယခု မိမိတို့ တိုင်းပြည် ရှေ့ကိုမရောက်တာဟာ ၀န်က လေးနေတာလား၊ ထမ်းဆောင်နိုင်အားက နည်းနေတာလား။ ထမ်းဆောင်ပါမယ်လို့ တာဝန်ခံထား သူတွေက တကယ်မထမ်း ကြလို့လား။

သာသနာ့ ၀န်ထမ်းတွေဟာ သာသနာ့ အလုပ်ကို တကယ်မလုပ်ရင် သာသနာတော်အတွက် ၀န်ထုပ်ဝန်ပိုးပဲ။ ကုမ္ပဏီ ၀န်ထမ်းတွေဟာ ကုမ္ပဏီ အလုပ်ကို တကယ်မလုပ်ရင် ကုမ္ပဏီအတွက် ၀န်ထုပ်ဝန်ပိုးပဲ။ နိုင်ငံ့ဝန်ထမ်းတွေဟာ နိုင်ငံတော်အတွက် တကယ်အလုပ် မလုပ်ရင် နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုးပဲ။ နိုင်ငံ့ဝန်ထမ်း သုံးသန်းခန့် ရှိတယ်လို့ ဆိုတယ်။ ၀န်ထုပ်ဝန်ပိုးဖြစ်တဲ့ ၀န်ထမ်းတွေကို ထမ်းရွက်ထားရတဲ့ နိုင်ငံတစ်ခုဟာ ဘယ်လိုမှ ရှေ့ကိုမရောက်နိုင်ပါဘူး။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတိုင်းဟာ ငါဟာဝန်ထမ်းလား၊ ၀န်စီးလား၊ ၀န်ထုပ်ဝန်ပိုးလား ဆိုတာတော့ သေချာစဉ်းစား သင့်တယ်။ ထမ်းနိုင်ရင် ထမ်း၊ မထမ်းနိုင်ရင် မထမ်းပါနဲ့။ မထမ်းနိုင်ပါဘဲ ကိုယ်ကျိုးအတွက် သက်သက်ကြည့်ပြီး ဇွတ်ပေပြီး ထမ်းမနေပါနဲ့။ မိမိကြောင့် တိုင်းပြည်မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်ပါစေနဲ့။ ဘုရားကတော့ မထမ်းနိုင်ဘဲထမ်းရင် လူမိုက်လို့ မိန့်ပါတယ်။

နိုင်ငံတစ်ခု ဖွံ့ဖြိုးဖို့၊ တိုးတက်ဖို့ဆိုတာ နိုင်ငံ့ဝန်ကို ထမ်းနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဌာနဆိုင်ရာ အသီးသီးမှာ ၀န်ထမ်းအရေအတွက် အနည်းအများ၊ တကယ်လိုအပ်၊ မလို အပ်၊ တကယ်အလုပ် ရှိ၊ မရှိ။ ၀န်ကို တကယ်ထမ်း၊ မထမ်းစတဲ့ အနေအထားတွေကို သေသေချာချာ တိတိကျကျ စိစစ်ဖို့၊ သုံးသပ်ဖို့ လိုအပ်ပါတယ်။ မလိုအပ်ဘဲ ၀န်ထမ်းတွေ များနေရင် တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သလို လိုအပ်ပါလျက် နည်းနေရင်လည်း မကောင်းပါဘူး။ မဖြစ်သင့်ပါဘူး။

ဌာနဆိုင်ရာ အသီးသီးမှာ တာဝန်အကြီးဆုံး ပုဂ္ဂိုလ်ရှိတယ်။ တာဝန်အကြီးဆုံး၊ ၀န်အကြီးဆုံးမို့ သူ့ကို ၀န်ကြီးလို့ ခေါ်တယ်။ ဒီဝန်ကြီးတွေရဲ့ အပေါ်မှာ ချုပ်ထားတဲ့ ၀န်ကြီးချုပ် သို့မဟုတ် သမ္မတဆို တဲ့ နိုင်ငံတော် အကြီးအကဲ တစ်ဦးရှိတယ်။ နိုင်ငံတော်ရဲ့ တာဝန်အရှိဆုံး၊ တာဝန်အကြီးဆုံး ဒီအဖွဲ့ကို အစိုးရအဖွဲ့လို့ ခေါ်ကြတယ်။ နိုင်ငံတစ်ခုလုံးရဲ့ သေရေးရှင်ရေးဟာ သူတို့လက်ထဲမှာပဲ ရှိတယ်။ ဒီအစိုးရ အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမှု အမှားအမှန်၊ အဂတိတရား ကင်းမကင်း၊ တိုင်းပြည်အပေါ် တကယ်စေတနာ ထားမထား၊ မဟာဗျူဟာ၊ နည်းဗျူဟာ ချမှတ်မှု၊ အရည်အချင်း စတာတွေအပေါ် မူတည်ပြီး တိုင်းပြည်ရဲ့ အရွေ့၊ တိုင်းပြည်ရဲ့ အတက်အကျက ဖြစ်ရတယ်။ အစိုးရအဖွဲ့ တစ်ခုဟာ တိုင်းပြည်ကို ဖွံ့ဖြိုးအောင်၊ တိုးတက်အောင်၊ စွမ်းဆောင်နိုင်ရင် ဒီအစိုးရ အဖွဲ့ဟာ ၀န်ထမ်းဆိုတာ သေချာတယ်။ အဲဒီလို မဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် မစွမ်းဆောင်နိုင်ရင်တော့ အစိုးရ အဖွဲ့ဆိုတာ တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုးပါပဲ။ အရေးကြီးတာက အစိုးရဆိုတဲ့ အဖွဲ့အစည်းဟာ တိုင်းပြည်အတွက် ဘယ်လိုမှ ၀န်ထုပ်ဝန်ပိုး မဖြစ်သင့်ဘူး။ အစိုးရ အဖွဲ့အစည်းဖြစ်တဲ့ ၀န်ကြီးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ၀န်ကြီးတွေလား၊ ၀န်စီးတွေလား၊ ၀န်ထုပ်ဝန်ပိုးလားဆိုတာ မိမိတို့ကိုယ်မိမိ ပြန်လည်သုံးသပ်ဖို့တော့ လိုလိမ့်မယ်။ မကူညီချင်နေပါ။ မနှောင့်ယှက် သင့်ပါဘူး။ သုခမပေးနိုင် နေပါ။ ဒုက္ခတော့ မပေးသင့်ပါဘူး။
အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယဆရာတော်)
Eleven Media Group