Tuesday, November 19, 2013

တရားမဝင် ကုန်စည်နှင့် အခွန်မဲ့ကုန်စည် ဖမ်းဆီးရမိမှု ကျပ်သန်း ၈၀၀၀ နီးပါးရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၈
နယ်စပ်နှင့် တိုင်းဒေသကြီးတို့ရှိ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး လှုပ်ရှား အဖွဲ့များ (Mobile Team) က တရားမဝင် ကုန်စည်နှင့် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှုမှာ ကျပ် ၇ ဒသမ ၈၅၄ ဘီလီယံ (ကျပ်သန်း ရှစ်ထောင်နီးပါး) ရှိပြီ ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။

နယ်စပ် ကုန်သွယ်မှုတွင် မူဆယ်-မန္တလေးလမ်းကြောင်း၊ မြဝတီ-ရန်ကုန် လမ်းကြောင်း၊ မူဆယ် ထုတ်နုတ်အင်အား၊ တမူး ထုတ်နုတ်အင်အား၊ တာချီလိတ် ထုတ်နုတ်အင်အားနှင့် ကန်ပိုက်တီးတို့တွင် လှုပ်ရှား အဖွဲ့များနှင့် တရားမဝင် ကုန်သွယ်မှုကို တားဆီးရာတွင် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တရားမဝင် ကုန်စည်တားဆီးမှု အမှုတွဲပေါင်း ၁၈၈၀ ခု ရှိပြီး ကျပ်သန်း ၆၈၆၄ ဒသမ ၆၁၅ ကို တားဆီး အရေးယူထားပြီးကြောင်း ၎င်းကဆိုသည်။

ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိ လှုပ်ရှား အဖွဲ့များသည် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ အမှုတွဲပေါင်း ၄၄၇ ခုနှင့် ကျပ်သန်း ၉၉၀ ဒသမ ၃၂၉ တန်ဖိုးရှိ တရားမဝင် ကုန်စည်များကို တားဆီး အရေးယူပြီး ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး ကုန်သွယ်မှုပမာဏ တိုးတက် လာစေရန်အတွက် ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေး ဂိတ်များကို ရုပ်သိမ်းခြင်း၊ လုပ်ထုံး လုပ်နည်းနှင့် အခွန်အခ ဖြေလျှော့ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ကုန်သွယ်မှု ပမာဏ သိသာစွာ မြင့်တက်လာခြင်း မရှိသည့်အတွက် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုဌာန၏ လုပ်ငန်း အဖွဲ့ခေါင်းဆောင် ဦးညွန့်အောင်က ရှင်းပြသည်။

နယ်စပ် ကုန်သွယ်မှုတွင် တရားမဝင် ကုန်စည် ဝင်ရောက်မှု တားဆီး ထိန်းချုပ်ရေးအတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ပင်လယ် ရေကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးရန် ရန်ကုန် ဆိပ်ကမ်းနယ်မြေ ခုနစ်ခုတွင် ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ စတင် ဆောင်ရွက်ရာတွင် အမှုတွဲပေါင်း ၂၃ ခုနှင့် တန်ဖိုး ကျပ်သန်း ၃၃၆ ဒသမ ၈၃၇ ကို တားဆီး အရေးယူနိုင်ခဲ့ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရန်ကုန် ဆိပ်ကမ်းနယ်မြေမှ တရားမဝင် ကုန်သွယ်မှုကို ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေအရ အမှုတွဲ ခုနစ်ခု၊ တန်ဖိုးကျပ်သန်း ၆၅ ဒသမ ၁၇၄ ကို တားဆီး အရေးယူထားပြီး ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ဥပဒေအရ အမှုတွဲ ငါးခုကို ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ၄င်းကဆိုသည်။

ယခုဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ ဘီလီယံ လျာထားသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့အထိ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၃၄ ဘီလီယံသာ ရှိသေးကြောင်း တွေ့ရသည်။
The Voice Weekly